စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Wednesday, 11 January 2012

ဇ၇ာအို၏ခြေလှမ်း

ဂိမ္မာန်နွေသည် ပူပြင်းလွန်းလှသည်။ မနက်နေမြင့်ချိန်လောက်မှာပင် ပူပြင်းလှပေစွ။ နေအရှိန်ကြောင့် သူမတစ်ကိုယ်လုံး အားအင်ချိနဲ့စွာဖြင့် ရပ်နေမိစဉ် ရှေ့သို့ရောက်ရှိလာသော လက်ပိုင်ရှင်ကြောင့် မှေးမှိန်မှုန်ဝါးနေသော သူမ၏မျက်လုံးအစုံတို့ ၀မ်းသာမှုကြောင့် အနည်းငယ် လင်းလက်သွားရလေသည်။


ထိုလက်ပိုင်ရှင်ထံမှ တစ်ရာတန်ငွေစက္ကူအနွမ်းလေးအား တုန်ယင်နေသော လက်အစုံဖြင့် လှမ်းယူလိုက်မိသည်။ ထို့နောက် ထိုငွေစက္ကူလေးအား ဘယ်ဘက်လက်တွင်ချိတ်ကိုင်ထားသော ပလပ်စတစ်အိတ်လေးထဲသို့ ထည့်ရန်ပြင်လိုက်စဉ် သုံးမရအောင် နွမ်းကြေပျက်စီးနေသောကြောင့် “သမီးရယ်၊ ဒါလေးလဲလို့ရရင်လဲပေးပါလားကွယ် ဘုရားပူဇော်ဖို့ ဖယောင်းတိုင်လေး ၀ယ်ချင်လို့ပါ” ဟု တုန်ယင်စွာဖြင့် ပြောပြလိုက်မိလေသည်။ “အို...ဒါပဲရှိတယ်၊ ဒါကိုမယူချင်လည်းမတတ်နိုင်ဘူး အလကား ရတာတောင် ဂျေးများနေသေးတယ်” ဟု ပြောပြောဆိုဆိုဖြင့် တိုက်ခန်းထဲသို့ပြန်ဝင်သွားသော အမျိုးသမီး၏ကျောပြင်ကို ငေးကြည့်ရင်း ဝေ့တက်လာသော မျက်ရည်စများကိုမကျအောင် လက်တစ်ဖက်ဖြင့် ပွတ်သပ်တားဆီးရင်း ကိုင်းညွတ်နေသောခါးနှင့်တုန်ချိလေးလံစွာဖြင့် လမ်းမဘက်သို့ ဦးတည်လိုက်မိလေတော့သည်။


ဇရာ၏ အိုမင်းမှုကြောင့် ၀င်ငွေရရှိနိုင်ရန် မည်သည့်အရာကိုမျှ သူမစွမ်းဆောင်နိုင်ခြင်းမရှိတော့သည်ကို ၀မ်းနည်းရမိသည်။ သမီးနှင့်သားတို့ထံမှ အထောက်အပံ့မရတော့သည်ကိုတော့ သူမ၀မ်းနည်းခြင်း မဖြစ်မိပေ။ အဝေးရောက်သမီးကြီးနှင့် သားငယ်တို့လည်း အဆင်များမပြေကြ၍လားမသိ။ သူမထံအဆက်အသွယ်မလုပ်တော့သည်မှာ ဆယ်စုနှစ်သို့ကျော်လွန်ခဲ့ပေပြီ။ ညစဉ်ညတိုင်း မြတ်ဘုရားထံ၌ သမီးနှင့်သားတို့၏ မိသားစုများနေကောင်းကျန်းမာကြစေရန် သူမဆုတောင်းလွမ်းဆွတ်ရင်း မျက်ရည်ကျခဲ့ရသည်မှာလည်း အမြဲပင်။


အတွေးများနှင့်အတူ လေးလံသောခြေလှမ်းများကိုသယ်ဆောင်နေရင်း “အဘွား...အဘွား” ဟူသောခေါ်သံနှင့်အတူ ဇွန်ပန်းကုံးလေးများဆွဲကိုင်ထားသော (၁၂)နှစ်အရွယ်ကလေးမလေးတစ်ယောက် အပြေးတပိုင်းဖြင့် သူမရှေ့သို့ရောက်လာခဲ့လေသည်။ ထို့နောက် ခေါင်းလေးငုံ့၍ လက်တစ်ဖက်ဖြင့် လွယ်အိတ်လေးထဲမှ တစ်ရာတန်တစ်ရွက်ထုတ်ယူလာပြီး “ အဘွားကို သမီးလှူချင်လို့ပါ” ဟု အပြုံးလေးနှင့် ပြောလည်းပြော သူမလက်ထဲသို့လည်း ငွေစက္ကူလေးကို ငြင်သာစွာထည့်ပေးလေသည်။ “ ငါ့မြေးလေး ကျန်းမာချမ်းသာပါစေကွယ်၊ သွားလေရာအန္တရာယ်ကင်းဝေးပြီး ပညာတတ်ကြီးဖြစ်ပါစေကွယ်” ဟု တုန်ယင်စွာဖြင့် သူမဆုပေးမိစဉ် “ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏” ဟုဆိုရင်း ထွက်ခွာသွားသော ကလေးမလေး၏ ကျောပြင်ကို သူမငေးကြည့်လိုက်မိလေသည်။ ပီတိအဟုန်တို့ကြောင့် ခါတိုင်း သူမ၏ လေးလံနေသောခြေလှမ်းများမှာ ယခုပေါ့ပါးသွက်လက်နေကြသည်ဟု သူမထင်မိနေသည်။ ထို့နောက် ဖယောင်းတိုင်ဝယ်ပြီး အိမ်ပြန်ရန် သူမဆုံးဖြတ်လိုက်ကာ ပူပြင်းလှသော နေကိုအံတု၍ တုတ်ထောက် အားပြုကာ ခြေလှမ်းလှမ်းနေစဉ်အခိုက် တိုက်ခတ်လာသော လေပြေတစ်ချက်ကြောင့် သူမအသက်ကို ၀အောင်ရှူရှိုက်လိုက်မိ ပါတော့သည်။


အားလုံးကိုလေးစားလျှက်-
(ခံစားေ၇းဖွဲ့ သူ......ခိုင်မာ(စ))

No comments:

Post a Comment